စလင်း ဒီယွန် CC OQ | |
---|---|
မွန်ထရီယိုမြို့ ဘဲလ်စန်တာ အားကစားရုံကြီးတွင် Taking Chances ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်အတွင်း သီဆိုနေပုံ။ ဩဂုတ်လ ၁၉ရက်၊ ၂၀၀၈ခုနှစ်။ | |
မွေးဖွား | စလင်း မာရီး ကလောဒက် ဒီယွန် ၃၀ မတ်၊ ၁၉၆၈ မွန်ထရီယိုမြို့ ရှားလာမေးန် ဆင်ခြေဖုံး၊ ကွီဗက်ပြည်နယ်၊ ကနေဒါနိုင်ငံ။ |
အလုပ်အကိုင် | အဆိုတော် |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၈၀–လက်ရှိ |
ကြွယ်ဝမှု | $700 million[၁] |
အိမ်ထောင်ဖက်(များ) | Rene Angelil (လက်ထပ် ၁၉၉၄; died ၂၀၁၆) |
သားသမီး | ၃ဦး |
မိဘ(များ) | Adhemar-Charles Dion နှင့် Therèse Tanguay Dion |
ရရှိသည့်ဆုများ | အပြည့်အစုံကြည့်ရန် |
ဂီတခရီးလမ်း | |
ဂီတဟန် |
|
တူရိယာ | အသံ |
တေးသံသွင်း ကုမ္ပဏီ |
|
ပူးတွဲ ပါဝင်မှု | David Foster |
ဝက်ဘ်ဆိုက် | celinedion.com |
စလင်း မာရီး ကလောဒက် ဒီယွန် (အင်္ဂလိပ်: Celine Marie Claudette Dion)[မှတ်စု ၁] (မွေးဖွား- ၃၀-မတ်-၁၉၆၈) သည် ကနေဒါလူမျိုး အဆိုတော်တစ်ဦးဖြစ်၍ ကနေဒါနိုင်ငံ၊ ကွီဗက်ပြည်နယ်၊ မွန်ထရီယိုမြို့ ရှားလာမေးန် ဆင်ခြေဖုံး(Charlemagne)တွင် မိသားစု ခပ်ကြီးကြီးတစ်ခုမှ မွေးဖွားခဲ့သည်။ ၁၉၈၀နှစ်များအတွင်း ဇာတိမြို့၌ ပြင်သစ်ဘာသာစကားဖြင့်သီဆိုထားသော တေးသီချင်းခွေများစွာနှင့်အတူ ဆယ်ကျော်သက်ကြယ်ပွင့်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သည်။ ၁၉၈၂ ယမဟာ ကမ္ဘာ့လူကြိုက်များသော သီချင်းပွဲတော် နှင့် ၁၉၈၈ ယူရိုဗီးရှင်း သီချင်းဆိုပြိုင်ပွဲနှစ်ခုလုံးတွင် အနိုင်ရရှိခဲ့သဖြင့် နိုင်ငံတကာ အသိအမှတ်ပြုမှုကို စတင်ရရှိခဲ့သည်။ အင်္ဂလိပ်ဘာသာစကားသင်ယူပြီးနောက် အမေရိကတွင် အက်ပစ်တေးသံသွင်း(Epic Records)နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ၁၉၉၀တွင် သူမ၏ ပထမဆုံး Unison (အင်္ဂလိပ်ဘာသာ) တေးအယ်လ်ဘမ်ကို ဖြန့်ချိနိုင်ခဲ့ရင်း မြောက်အမေရိကနှင့် အခြားအင်္ဂလိပ်စကားပြောနယ်ပယ်များတွင် အလားအလာရှိသော ပေါ့ပ်အဆိုတော်တစ်ယောက်ဆိုသော အနေအထားကို တည်ဆောက်နိုင်ခဲ့သည်။
၁၉၉၀နှစ်များအတွင်း Falling into You (1996) နှင့် Let's Talk About Love စသည့်တို့ကဲ့သို့ ရောင်းအားအကောင်းဆုံး တေးအယ်လ်ဘမ်များဖြန့်ချိခဲ့ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အောင်မြင်ကျော်ကြားမှုကို ရရှိခဲ့သည်။ The Power of Love (မူရင်း-Jennifer Rush)၊ Think Twice၊ Because You Loved Me၊ My Heart Will Go On၊ I'm Your Angel စသည်တို့အပါအဝင် နိုင်ငံတကာ နံပါတ် (၁) အဆင့်ရ အောင်မြင်သည့် သီချင်းအများအပြားကိုလည်း အောင်မြင်စွာ သီဆိုခဲ့သည်။ ဒီယွန်သည် ဆက်လက်၍ အင်္ဂလိပ်အယ်လ်ဘမ်များကြား၌ ပြင်သစ်တေးအယ်လ်ဘမ်များကို ထုတ်ဝေခဲ့ကာ S'il suffisait d'aimer (1995)၊ Sans attendre (2012)၊ Encore un soir (2016)တို့သည်ပြင်သစ်၌ ထိပ်တန်းစာရင်းဝင် ပေါက်မြောက်ခဲ့သည်။ ၂၀၀၀ခုနှစ်များတွင် Las Vegas Stripတွင် A New Day ဖျော်ဖြေမှု၌ အလွန်အောင်မြင်သည့် တင်ဆက်ဖျော်ဖြေသူ ဂုဏ်ပုဒ်ကို တည်ဆောက်ခဲ့ကာ Taking Chances ကမ္ဘာလှည့် ဖျော်ဖြေမှုများနှင့် အတူ သမိုင်း၌ဝင်ငွေအများဆုံးရသော လှည့်လည်ဖျော်ဖြေသည့် ဂီတတင်ဆက်မှုလည်းဖြစ်သည်။
ဒီယွန်၏ ဂီတပုံစံကို များစွာသော ဂီတအမျိုးအစားများက လွှမ်းမိုးထား၍ ထိုဂီတနယ်ပယ်များမှာ ရော့ခ်၊ အာရ်အန်ဘီ၊ ဂေါ့စပယ်(ဓမ္မတေး)၊ ဥရောပဂန္ထဝင်ဂီတ စသည်တို့ဖြစ်ကြသည်။ တေးအခွေများမှာ အဓိကအားဖြင့် ပြင်သစ်နှင့် အင်္ဂလိပ်ဘာသာဖြင့် ဖြစ်လေသည်။ သို့သော် စပိန်၊ အီတလီ၊ ဂျာမန်၊ လက်တင်၊ ဂျပန်နှင့် တရုတ်ဘာသာစကားများဖြင့်လည်း သီဆိုသည်။ သူမသီချင်းများသည် မကြာခဏဆိုသလို အမျိုးမျိုးသော ဝေဖန်တုံ့ပြန်မှုများစွာရရှိသော်လည်း ပေါ့ပ်ဂီတ၏ လွှမ်းမိုးနိုင်မှုအရှိဆုံး အသံပိုင်ရှင်များအနက်က တစ်ဦးအဖြစ် ယူဆသတ်မှတ်ကြသည်။ ဂရမ်မီဆုငါးကြိမ်ဆွတ်ခူးရရှိခဲ့ပြီး ဘီလ်ဘော့ဒ်က အမျိုးသမီးတေးသံရှင် အသံလွှင့်ပုံစံ (ရေဒီယိုပုံစံ) ၌ နံပါတ် (၁)အဆင့်ရသီချင်းအများဆုံးရရှိသည့်အတွက် Queen of Adult Contemporary ဟုအမည်ပေးခဲ့သည်။[၂]
နီးလ်ဆန် သီချင်း/အယ်လ်ဘမ် ရောင်းအားစာရင်းကောက်ယူမှု (Nielsen SoundScan)ခေတ်အတွင်း အမေရိက၌ ဒုတိယမြောက်ရောင်းအားအကောင်းဆုံး အမျိုးသမီးတေးသံရှင်လည်းဖြစ်၏။ နိုင်ငံတကာတေးသံသွင်းလုပ်ငန်းအဖွဲ့ချုပ် (International Federation of the Phonographic Industry-IFPI) က ဥရောပတွင် တေးအယ်လ်ဘမ်သန်း (၅၀)ကျော်ရောင်းချရမှုအတွက် ၂၀၀၃ တွင် ဂုဏ်ပြုခဲ့သည်။ ကမ္ဘာအနှံ့ သီချင်းအပုဒ်ရေ သန်း (၂၀၀) ကျော်ရောင်းချနိုင်မှုနှင့်အတူ သမိုင်း၌ ရောင်းအားအကောင်းဆုံး အနုပညာရှင်များအနက်က တစ်ယောက်နှင့် (တေးသီချင်း)ရောင်းအားအကောင်းဆုံး ကနေဒါလူမျိုးအနုပညာရှင်အဖြစ် ရပ်တည်နေလျက်ရှိသည်။[၃][၄][၅]
မွန်ထရီယိုမြို့၏ အရှေ့မြောက် ၂၄ ကီလိုမီတာ (၁၅ မိုင်)ဝေးသော ရှားလာမေးန် (ကွီဘက်) တွင် မိသားစု ခပ်ကြီးကြီးတစ်ခုမှ မွေးဖွားခဲ့သည်။ (၁၄)ယောက်သော သားသမီးများထဲက အထွေးဆုံးဖြစ်သည်။ မိခင် ထရီးဇာ ဒီယွန် သည် အိမ်ရှင်မတစ်ဦးဖြစ်၍ ဖခင် အက်ဟဲမာ ဒီယွန်သည် သားငါးရောင်းသူတစ်ဦးဖြစ်သည်။ နှစ်ဦးစလုံးမှာ ပြင်သစ်-ကနေဒါ လူမျိုးများဖြစ်ကြ၏။[၆][၇] စလင်း ဒီယွန်သည် ရိုမန်ကက်သလစ်ဘာသာဝင်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။[၈][၉] ဂီတသည် အမြဲတစေ ထိုမိသားစု၏ အဓိကအစိတ်အပိုင်းဖြစ်ကာ သူမမမွေးဖွားခင်နှစ်နှစ်ခန့်တွင် ပြင်သစ်အဆိုတော် Hugues Aufray သီဆိုထားသော Celine ဆိုသည့်သီချင်း ကိုအစွဲပြု၍ စလင်းဟုအမည်ပေးခဲ့သည်။[၁၀] ငယ်စဉ်ကတည်းကပင် ဖျော်ဖြေသူတစ်ဦးဖြစ်ရန် စိတ်ကူးရှိခဲ့၏။[၁၁] ၁၉၉၄၌ ပြည်သူ့မဂ္ဂဇင်း မေးမြန်းခန်း၌ မိသားစုနှင့် အိမ်ကိုလွမ်းကြောင်း၊ အဆိုတော်တစ်ယောက်ဖြစ်ရန် စိတ်ကူးအိပ်မက်သာလျှင်ရှိကြောင်းပြောဆိုသွားခဲ့သည်။[၁၂]
(၁၂)နှစ်သမီးအရွယ်၌ မိခင်၊ အကို ရှ(ခ်)’နှင့်အတူတွဲ၍ အိပ်မက်သာလျှင်(Ce n'etait qu'un rêve) ဆိုသည့် သီချင်းကိုပူးတွဲရေးသားခဲ့သည်။[၉] အကိုဖြစ်သူ မိုက်ကယ်က အသံသွင်းထားသော ထိုသီချင်းကို ဂီတမန်နေဂျာ ရနီး အောန်ရှ’လီလ်(Rene Angelil)ထံပို့ခဲ့သည်။[၁၃] အောန်ရှ’လီလ်ကို စလင်း၏အသံက မျက်ရည်ကျလောက်အောင် ဆွယ်နိုင်ခဲ့သဖြင့် စလင်းကို ကြယ်ပွင့်တစ်ယောက်ဖြစ်ရန် ပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်ခဲ့သည်။[၉] ၁၉၈၁၌ စလင်း၏ ပထမဆုံးအခွေ La voix du bon Dieuကို ရင်းနှီးမတည်ပေးရန် အိမ်ကို အပေါင်ထားခဲ့သည်။ ထိုအခွေသည် နောက်တွင် ဒေသတွင်း အဆင့်(၁)ရသော အခွေတစ်ခုဖြစ်လာကာ ကွီဗက်ပြည်နယ်တွင် ချက်ချင်းဆိုသလို ကြယ်ပွင့်ဖြစ်လာခဲ့၏။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ယာမဟာကမ္ဘာ့လူကြိုက်များသီချင်းပွဲတော် (Yamaha World Popular Song Festival)တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိသဖြင့် ကျော်ကြားမှုမှာ ကမ္ဘာ့အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခဲ့သည်။[၁၃]
၁၉၈၃မတိုင်မီတွင် ပြင်သစ်၌ D'amour ou d'amitie အမည်ရ တစ်ဦးတည်းအခွေဖြင့် ရွှေစံချိန်ကို ရရှိသည့် ပထမဆုံး ကနေဒါအဆိုတော်တစ်ဦးဖြစ်သည့်အပြင် အကောင်းဆုံး အမျိုးသမီးဖျော်ဖြေသူဆု နှင့် ယင်းနှစ်၏ မျက်နှာသစ်ဆု (Discovery of the Year)အပါအဝင် ဖီးလစ်ခ်စ်(Felix Award) ဆုတချို့ရရှိခဲ့လေသည်။[၁၃][၁၄] ၁၉၈၈ အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့၌ကျင်းပသော ယူရိုဗီးရှင်း သီချင်းဆိုပြိုင်ပွဲတွင် Ne partez pas sans moi သီချင်းဖြင့် ဆွစ်ဇာလန်နိုင်ငံကိုယ်စားပြုရင်း ပွတ်သီကပ်သီအနိုင်ရရှိခဲ့သောအခါ နောက်ထပ်အောင်မြင်မှုရရှိခဲ့လေသည်။[၁၅]
အသက် (၁၈)တွင် မိုက်ကယ် ဂျက်ဆင် ဖျော်ဖြေပွဲကို ကြည့်ပြီးနောက် ဒီယွန်က အောန်ရှ’လီလ်ကို ဂျက်ဆင်ကဲ့သို့ အောင်မြင်သည့် ကြယ်တစ်ပွင့်ဖြစ်ချင်ကြောင်း ပြောခဲ့သည်။[၁၆] ရုပ်ရည်ပိုင်းဆိုင်ရာ ချောမွေ့ပြေပျစ်စေရန် သွားခွဲစိတ်ခြင်း၊ အင်္ဂလိပ်စာ ပိုမိုကောင်းမွန်တောက်ပြောင်စေရန် သင်တန်းတက်ရောက်ခြင်းစသည်တို့ကို ပြုလုပ်ခဲ့ရသည်။[၁၇] ၁၉၈၉တွင် အသံထိခိုက်သဖြင့် အသံအိုးခွဲစိတ်ရန် (သို့) အသံကို သုံးပတ်ခန့် အသုံးမပြုရန် ဆရာဝန်ကရွေးချယ်ခိုင်းခဲ့သည်။ [၁၈][၁၉] သူမက ဒုတိယရွေးချယ်မှုကို ပြုလုပ်ခဲ့၍ ဝီလီယန် ရိုင်းလီ နှင့်အတူ အသံပိုင်းဆိုင်ရာ လေ့ကျင့်မှုပြခဲ့၏။[၁၈][၁၉]
အင်္ဂလိပ်စကားသင်ကြားလေ့လာပြီးနောက် ဒီယွန်သည် ၁၉၉၀၌ မူရင်းအဆိုတော် လော်ရာ ဘရင်နီဂန်၏ သီချင်း Unison ကိုခေါင်းစဉ်ထားသော တေးအယ်လ်ဘမ်ဖြင့် အင်္ဂလိပ်စကားပြောဈေးကွက်သို့ စတင်ထိုးဖောက်ခဲ့သည်။[၁၃] ထိုအချပ်တွင် "(If There Was) Any Other Way"၊ "The Last to Know"၊ "Unison"နှင့် "Where Does My Heart Beat Now" တို့ပါဝင်ပြီး ရော့ခ် အပျော့စားဖြစ်ပြီး နရီသဘောမှာ အလယ်အလတ်ပုံစံဘဲလတ်ဒ် ဖြစ်သည်။ ဒစ်စနီက ရိုက်ကူးသော လှပျိုဖြူလေးနှင့် မိစ္ဆာကောင်ကြီး (Beauty and the Beast - 1991 film) ရုပ်ရှင်၌ ဇာတ်ဝင်တေးအဖြစ် ဖီးဘို ဘရိုင်ဆန် (Peabo Bryson)နှင့် ပူးတွဲ၍သီဆိုသောအခါ နိုင်ငံတကာအောင်မြင်မှုကြီးရရှိခဲ့လေသည်။[၂၀] ယူကေတွင် သူမ၏ ပထမ ထိပ်တန်း(၁၀)ပုဒ်စာရင်းဝင်ဖြစ်၍ အမေရိကတွင် ဒုတိယမြောက် ထိပ်တန်း(၁၀)ပုဒ်စာရင်းဝင်ဖြစ်လာခဲ့သည်။ အဆိုပါသီချင်းသည် ရုပ်ရှင်နာမည်နှင့် အတူတူပင်ဖြစ်၍ တစ်နှစ်တာအကောင်းဆုံးမူရင်းသီချင်းဖြင့် တေးရေးဆရာများက အကယ်ဒမီဆုရရှိခဲ့ကာ ဒီယွန်သည် အကောင်းဆုံးပေါ့ပ်သီချင်း(တွဲဖက်/အုပ်စု) ဖျော်ဖြေမှု(အသံ) ကဏ္ဍ၌ ပထမဆုံး ဂရမ်မီဆုကို ရရှိခဲ့သည်။[၁၁] ထို "Beauty and the Beast" သီချင်းသည် "စလင်း ဒီယွန်"ဟု အမည်ရသည့် ၁၉၉၂-အယ်လ်ဘမ်တွင် ဦးဆောင်သီချင်းတစ်ပုဒ်ဖြစ်ကာ ထိုအခွေသည် "Unison"ထက်ပို၍ စီးပွားရေးအရအောင်မြင်ခဲ့သည်။ ထိုအခွေတွင် ဒေးဗစ် ဖော်စတာ(David Foster) နှင့် ဒိုင်ယန် ဝေါရန်(Diane Warren) တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုအခွေဒုတိယ တစ်ပုဒ်မှာ "If You Asked Me To" ဖြစ်ကာ ပြန်ဆိုပုံစံ(cover version)ဖြစ်၏။ ထိုသီချင်းသည်လည်း ကနေဒါနှင့် အမေရိကတွင် အလွန်အောင်မြင်သည့် သီချင်းဖြစ်လာခဲ့သည်။ ယင်းကာလအတွင် ပြင်သစ်ဘာသာဖြင့် Dion chante Plamondon အခွေကိုလည်းဖြန်ချိခဲ့ပြီး သီချင်းအများစုမှာ ပြန်ဆိုတေး(covers)များဖြစ်သည်။
၁၉၉၂မတိုင်မီလောက်တွင် ထွက်ရှိခဲ့ပြီးသော အခွေများ၊ စာနယ်ဇင်းတွေ့ဆုံမေးမြန်းမှုများစွာကြောင့် မြောက်အမေရိကတွင် ဟိုးလေးတကျော်အောင်မြင်ခဲ့သည်။[၂၁] တစ်ဖက်တွင် ယူအက်စ်၌ အရှိန်ရအောင်မြင်သော်လည်း ပြင်သစ်ပရိသတ်များက ၎င်းတို့ကို လစ်လျှူရှုသည့် အတွက် ဝေဖန်ခံရမှုများလည်းရှိသည်။[၁၁][၂၂] ၁၉၉၁ခုနှစ် ဖီးလစ်ခ်စ်ဆုပေးပွဲ၌ ထိုဝေဖန်မှုများကို ငြင်းပယ်ခဲ့သည်။ တစ်နှစ်တာအကောင်းဆုံး အင်္ဂလိပ်အနုပညာရှင်ဆု (English Artist of the Year) အား လက်ခံရန်ငြင်းဆိုခဲ့ကာ သူမသည် အစဉ်အမြဲ ပြင်သစ်တစ်ယောက်ဖြစ်ခဲ့/ ဖြစ်နေလိမ့်ဦးမည်၊ အင်္ဂလိပ်အနုပညာရှင်မဟုတ်ပါဟု ပွင့်ပွင့်လင်းလင်း ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုသွားခဲ့သည်။[၁၇][၂၃] အကျိုးအမြတ်အောင်မြင်မှုများအပြင် သူမ၏ ပုဂ္ဂိုလ်ရေးဘဝ၌ အပြောင်းအလဲများလည်းရှိရာ အသက် (၂၆)နှစ်ကြီးသော ရနီး အောန်ရှ’လီလ်က မန်နေဂျာမှ ချစ်သူဖြစ်လာခဲ့ပြီး အချင်းချင်းဆက်ဆံရေးများကို အများမသိအောင် လျှို့ဝှက်ခဲ့ကြ၏။[၂၄]
တတိယ အင်္ဂလိပ်အခွေ The Colour of My Love ကိုထုတ်ဝေခဲ့ပြီး ထိုအခွေမှ ရည်ရွယ်ထားသော စကားစု "ကျွန်မချစ်သူ၏ အသွေးအရောင်" (the colour of love)[မှတ်စု ၂]ဟူ၍ ရနီး ကို (ချစ်သူအဖြစ်)ခိုင်ခိုင်မာမာ ကြေညာရင်း သူမခံစားချက်များကို ထုတ်ဖော်ခဲ့သည်။[၁၁] ၁၉၉၄ ဒီဇင်ဘာတွင် နှစ်ဦးသား လက်ထပ်ခဲ့ကြ၏။ The Colour of My Love အခွေတွင် ချစ်ခြင်းမေတ္တာအကြောင်းအရာများဖြင့် အတော်များများ ဖွဲ့စည်းထားပြီး [၂၅] ထိုအချိန်ထိ သူမ၏ အအောင်မြင်ဆုံး စံချိန်တစ်ရပ်လည်းဖြစ်ခဲ့၏။ ယင်းအခွေ၌ပါဝင်သော ချစ်ခြင်း၏ စွမ်းအား (The Power of Love) (Jennifer Rush ၏ သီချင်းကို ပြန်လည်ဆန်းသစ်သီဆိုခြင်း) သည် နိုင်ငံအချို့၌ အဆင့်တစ်ရသော သီချင်းတစ်ပုဒ်ဖြစ်လာခဲ့သည်။ [၂၁] ချစ်မိသည့်အခါ "When I Fall in Love" သည် ကလိုက်ဗ် ဂရစ်ဖင် (Clive Griffin)နှင့် စုံတွဲတေးဖြစ်၍ အတော်အသင့် အောင်မြင်ခဲ့သည်။ ပြန်စဉ်းစားတော်မူစမ်းပါ ("Think Twice") သည် အခွေနာမည်၊ သီချင်းနာမည်ဖြစ်ကာ ယူကေတွင် အောင်မြင်မှုအတော်ရရှိသည့် အခွေ/သီချင်းလည်းဖြစ်ခဲ့သည်။[၂၆]
ပြင်သစ်မျိုးရိုးဇစ်မြစ်ကိုလည်းဆက်လက်ထိန်းသိမ်းနိုင်ခဲ့၍ အင်္ဂလိပ်တေးအခွေများကြား ပြင်သစ်တေးသီချင်းအခွေများကိုလည်း ထုတ်ဝေခဲ့သည်။[၂၇] ယေဘုယျအားဖြင့် အင်္ဂလိပ်အခွေများထက်ပင် ပိုမိုယုံကြည်လက်ခံမှုရရှိခဲ့သည်။[၂၂] ၁၉၉၄တွင် ပါရီမြို့ အိုလန်ပီယာ (အိုလဲန်ဖျာ) ဂီတခန်းမဆောင် အဆောက်အဦးကြီး၌ တင်ဆက်သော ဂီတပွဲတစ်ခု၌ တိုက်ရိုက်အသံသွင်းထားသော သီချင်းခွေ À l'Olympia ကို ဖြန့်ချိခဲ့သည်။ ဒူး (D'eux) (အမေရိက၌ ပြင်သစ်ခွေဟု လူသိများ) ကို ၁၉၉၅တွင် ထုတ်ဝေခဲ့ရာသမိုင်းတစ်လျောက်၌ ရောင်းအားအကောင်းဆုံး ပြင်သစ်တေးအခွေ ဖြစ်ခဲ့သည်။[၂၇] ထိုအခွေမှ Pour que tu m'aimes encore သီချင်းသည် ပြင်သစ်၌ နံပါတ် (၁)ရောက်ခဲ့ပြီး ရက်သတ္တပတ် (၁၂)ပတ်ကျော်ကြာကြာ ထိပ်ဆုံး၌ရပ်တည်နိုင်ခဲ့သည်။ နောက်ပိုင်း၌ ပြင်သစ်တွင် ပလက်တီနမ်အဆင့် အသိအမှတ်ပြုခံရသည်။ [၂၈] ပြင်သစ်သီချင်းတစ်ပုဒ်အနေဖြင့် ရှားရှားပါးပါး ယူကေနှင့် အိုင်ယာလန်တို့တွင်လည်း အောင်မြင်ခဲ့၏။[၂၉] ၁၉၉၆တွင် တတိယအကြိမ်မြောက် တစ်နှစ်တာရောင်းအားအကောင်းဆုံး အမျိုးသမီး တေးသံသွင်းအနုပညာရှင် အတွက် ကမ္ဘာ့ဂီတဆု (World Music Award)ကို ရရှိခဲ့လေသည်။
မင်းဆီသို့ ကြွေဆင်းသွားခြင်းFalling into You (1996), သီချင်းသည် ဒီယွန်၏ စတုတ္ထမြောက် အင်္ဂလိပ်သီချင်းခွေဖြစ်၍ သီဆိုသူ၏ ရေပန်းစားလူကြိုက်များမှုကို မြင့်မားစွာတင်ဆက်ပြသပေးသည့် တေးအခွေတစ်ခုလည်းဖြစ်၏။[၂၄] ပို၍များပြားကျယ်ပြန့်သော ပရိသတ်များကို ဖမ်းစားရန် ဤအခွေ၌ အမျိုးအစား စုံလင်လှသော တူရိယာပစ္စည်းများပါဝင်၏။[၃၀] တစ်ပုဒ်ချင်းဆီတွင် အမျိုးမျိုးအစားစားသော ဂီတပုံစံများ ထည့်သွင်းထားရာ ခေါင်းစဉ်သီချင်း Falling into You၊ River Deep – Mountain High (မူရင်း-Tina Turner) တို့၌ ပါကာရှင်းတူရိယာများသုံးထားသည်။ "It's All Coming Back to Me Now"၊ "All by Myself" (မူရင်း-Eric Carmen) တို့တွင် စန္ဒယားသံဂန္ထဝင်ပုံစံနှင့် ရောယှက်ထားသော ရော့ခ်တေးသွားအနှေး အငွေ့အသက်ကို ဆက်လက်ထိန်းထားသည်။ နံပါတ် (၁)အဆင့်ရသော "Because You Loved Meသည် ပေါ့ပ်ဘဲလက်ဒ်ပုံစံဖြစ်ကာ ၁၉၉၆-ရုပ်ရှင် Up Close and Personal ၏ အဓိကဇာတ်ဝင်သီချင်းလည်းဖြစ်သည်။[၃၁] ဤအခွေဖြင့် အကောင်းအဆိုးနှစ်ထွေသော ဝေဖန်တုံ့ပြန်ချက်များရခဲ့သည်။
Falling into You သည် သူမ၏ ငွေကြေးအကျိုးအမြတ်နှင့် ဝေဖန်တုံ့ပြန်မှုများဖြင့် အောင်မြင်သည့် အခွေတစ်ခုဖြစ်ကာ ထွက်ဖူးသမျှ အခွေများအနက် ရောင်းအားအကောင်းဆုံးလည်းဖြစ်ခဲ့သည်။[၃၂] ထိုသီချင်းခွေဖြင့် တစ်နှစ်တာ အကောင်းဆုံးတေးအယ်လ်ဘမ်(ပေါ့ပ်) ဂရမ်မီဆုရခဲ့သည်။[၃၃] ၁၉၉၆ မတ်လတွင် Falling into You ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်များပြုလုပ်တင်ဆက်ခဲ့သည်။
၁၉၉၇တွင် အချစ်အကြောင်း ပြောရအောင် (Let's Talk About Love) ကို ဖြန့်ချိခဲ့သည်။[၃၄] ထိုအခွေကို လန်ဒန်၊ နယူးယော့ခ်၊ လော့စ် အန်ဂျလိစ် တို့တွင် အသံသွင်းယူခဲ့ပြီး ဧည့်သည်အဆိုတော်များအဖြစ် ဘာဘရာ စတွိုင်းဆာန် (Barbra Streisand) နှင့် Tell Him သီချင်း၊ ဘီးဂီးစ်နှင့် Immortality သီချင်း၊ အမြင့်သံအမျိုးသား အဆိုရှင် ပဲဗရော့တီ (Luciano Pavarotti)နှင့် I Hate You Then I Love You သီချင်း စသည်တို့ကို တွဲဖက်သီဆိုခဲ့သည်။[၂၄][၃၅]
ယခု Let's Talk About Love အခွေဖြင့် ကမ္ဘာအနှံ့ ကြီးမားသော အောင်မြင်မှုရရှိခဲ့လေသည်။ ဤအခွေမှ အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်မှာ တို့နှလုံးသားလေး ဆက်လက်ချီတက် My Heart Will Go On ဆိုသည့် တေးသီချင်းဖြစ်၍ James Horner နှင့် Will Jennings တို့ကရေးစပ်သီကုံးထားသည်။[၃၃] ဤသီချင်းသည် ၁၉၉၇၌ထွက်ရှိသော အောင်မြင်မှုတသီတသန်းရရှိခဲ့သော တိုက်တန်းနစ် ရုပ်ရှင်ဇာတ်ကားကြီး၏ ဇာတ်ဝင်တေးဖြစ်ကာ သူမ၏ အမှတ်လက္ခဏာ သီချင်းတစ်ပုဒ်လည်းဖြစ်လာခဲ့သည်။[၃၆] တေးရေးသူနှစ်ဦးက အကောင်းဆုံးမူရင်းသီချင်းဆု အကယ်ဒမီရရှိခဲ့ကြပြီး [၃၇] စလင်း ဒီယွန်က အကောင်းဆုံးအမျိုးသမီး ပေါ့ပ်အသံဖျော်ဖြေမှုဆု(Best Female Pop Vocal Performance) နှင့် တစ်နှစ်တာအကောင်းဆုံး တေးသံသွင်းဆု (Record of the Year) ကိုရရှိခဲ့သည်။ (သီချင်းကိုယ်တိုင်က လေးဆုရရှိခဲ့ပြီး ကျန်နှစ်ဆုမှာ တေးရေးသူများအတွက်ဖြစ်၏။)[၃၈] Let's Talk About Love လှည့်လည်ဖျော်ဖြေရေးခရီးစဉ်များကို ၁၉၉၈နှင့် ၁၉၉၉တွင် ပြုလုပ်တင်ဆက်ခဲ့သည်။[၃၉]
၁၉၉၀ခုနှစ်များကို နောက်ထပ်ထွက်ရှိသော အောင်မြင်သည့် သီချင်းခွေသုံးခွေဖြင့် အဆုံးသတ်ခဲ့ရာ ထိုအခွေများမှာ ခရစ်စမတ်သီချင်းခွေ These Are Special Times (၁၉၉၈)၊ ပြင်သစ်ခွေ S'il suffisait d'aimer နှင့် ဆယ်စုနှစ်၏လက်ရွေးစင်အခွေ All the Way... A Decade of Song (၁၉၉၉) တို့ဖြစ်သည်။[၄၀] ထိုသုံးခွေလုံးမှာ အောင်မြင်မှုများစွာရရှိခဲ့သည်။
၁၉၉၀နှစ်များဆီက စုစုပေါင်း (၁၃)ခွေထွက်ရှိခဲ့ပြီး All the way အခွေတွင်ကြေညာခဲ့သည်မှာ ပရိသတ်၏ အာရုံစိုက်မှုများမှ နောက်ပြန်ဆုတ်၍ ဘဝကို သာသာယာယာခံစား
ပြောဆိုခဲ့သည်။[၈][၄၁] အောန်ရှ'လီ အစာပြွန်ကင်ဆာရှိခဲ့သဖြင့် သူမကို ဂီတလောကမှ ခေတ္တနားရန်ပြောကြားခဲ့သည်။[၄၂] ၂၀၀၁ ဇန်နဝါရီတွင် သားဖြစ်သူ Rene-Charles Dion Angelilကို မွေးဖွားခဲ့သည်။[၄၃][၄၄]
စက်တင်ဘာ ၁၁ တိုက်ခိုက်ခံရမှုအပြီး ဂီတလောကသို့ ပြန်လည်ရောက်ရှိ၍ ရုပ်သံလွှင့်ခဲ့သော အမေရိကကို ဘုရားသခင် ကောင်းချီးပေးပါစေ God Bless America" သီချင်းကို အမေရိကသူရဲကောင်းများချီးကျူးဂုဏ်ပြုပွဲတွင် ဖျော်ဖြေ သီဆိုခဲ့သည်။[၄၅] ၂၀၀၃တွင် ဆန်ဒီယေးဂိုမြို့ စူပါဘိုးလ် (Super Bowl) ဖွင့်ပွဲအခမ်းအနား၌လည်း ဤသီချင်းကို သီဆိုခဲ့သေးသည်။
ဂီတလောကမှ သုံးနှစ်ကြာနားနေခြင်းကို နေ့သစ်ရောက်ပြီ A New Day Has Come တေးသီချင်း အခွေဖြင့် အဆုံးသတ်ခဲ့ကာ ၂၀၀၂ မတ်လတွင် ထုတ်ဝေခဲ့သည်။ သူမ၏ ဘဝရေးရာများပါဝင်မှုအများဆုံး အခွေဖြစ်၍ မိခင်တစ်ဦး၊ ရင့်ကျက်လာသော အမျိုးသမီးတစ်ဦးအနေဖြင့် "နေ့သစ်ရောက်ပြီ A New Day Has Come" နှင့် နှုတ်ဆက်လမ်းခွဲ Goodbye's (The Saddest Word)" စသည့်သီချင်းများကို သီဆိုခဲ့သည်။[၄၁]A New Day Has Come သည်ပွဲဦးထွက်အနေဖြင့် ယူကေ၊ ကနေဒါအပါအဝင် (၁၇)နိုင်ငံကျော်တွင် အဆင့်(၁)ဖြင့် ရပ်တည်ခဲ့သည်။[၄၆][၄၇][၄၈] ယူအက်စ်၌ ဘီလ်ဘော့ဒ် (၂၀၀) စာရင်းတွင် ပွဲဦးထွက် အဆင့်(၁) အနေဖြင့်ရပ်တည်နိုင်၍ ပထမရက်သတ္တပတ်အတွင်း အချပ်ရေ (၅၂၇,၀၀၀)ရောင်းချရပြီး ဇယားတွင် ပထမဆုံး အဆင့်(၁)ရခဲ့သည်။[၄၉]
သီချင်းခွေမှာ အကျိုးအမြတ်အရ အောင်မြင်ခဲ့သော်လည်း အပြစ်မြင်သော ဝေဖန်မှုများလည်းခံရသည်။ စာသားများ၌ အသက်မပါ၊[၅၀] သူမ၏ ဂီတသည် နားနေစဉ်အတွင်း များစွာတိုးတက်လာခြင်းမရှိ အကြောင်းအရာများမှာ ထန်တရာရိုက်နေသော အသုံးအနှုန်းများနှင့် သာမညောင်ညသာဖြစ်သည်[၅၁][၅၂] စသဖြင့် ဝေဖန်မှုများရှိခဲ့သည်။ ထိုအခွေမှ ပထမဆုံးသီချင်းသည် ဘီလ်ဘော့ဒ် (၁၀၀)၌ အဆင့် (၂၂)ရပ်တည်ခဲ့သည်။ ၂၀၀၂အတွင်း ဂီတဖျော်ဖြေတင်ဆက်မှုများစွာကို ပြုလုပ်တင်ဆက်ခဲ့သည်။ ခရိုင်စ်လာ မောတော်ယာဉ်ကုမ္ပဏီ(Chrysler )နှင့် ကြော်ငြာစာချုပ်နှင့်ပတ်သက်ပြီး တစ်ခုတည်းသော နှလုံးသား One Heart ကို ၂၀၀၃တွင် ဖြန့်ချိခဲ့သည်။[၅၃] ထိုအခွေတွင် ပေါ့ပ်နှင့် အကဂီတပုံစံ အများစုပါဝင်၏။ အသင့်အတင့်အောင်မြင်သော်လည်း ဝေဖန်တုံ့ပြန်မှုမှာ အကောင်းအဆိုး ရောထွေးလျက်ရှိသည်။[၅၄][၅၅] ၁၉၈၉က စင်ဒီ လော့ပါ၏ ပေါက်ခဲ့သောသီချင်း I Drove All Night ပြန်လည်သီဆိုခြင်းကို ခရိုင်စ်လာ ကြော်ငြာလှုပ်ရှားမှုအတွက် ထုတ်ဝေခဲ့သည်။[၅၆] အက-ပေါ့ပ်ပုံစံ နှင့် ရော့ခ်အန်ရိုးလ်ပုံစံများပါဝင်သည့် သီချင်းဖြစ်သည်။
နောက်ထပ်ထုတ်ဝေသည့် တေးအခွေမှာ အံ့ဩဖွယ် (Miracle) သီချင်းခွေဖြစ်သည်။ ခေါင်းစဉ်သီချင်း Miracle ကို ၂၀၀၄၌ ထုတ်ဝေပြီး ကလေးနှင့် မိခင် အကြောင်းအရာကို အာရုံထားဖွဲ့ဆိုမှုဖြစ်သည်။ အခြားသီချင်းများတွင်လည်း သားချော့တေးပုံစံများ၊ မိခင်မေတ္တာ စသဖြင့် အကြောင်းအရာများပါဝင်၏။ ပြန်ဆိုတေးတချို့လည်းပါဝင်သည်။ ဝေဖန်မှုများမှာလည်း အကောင်းအဆိုး ရောထွေးနေလျက်ရှိသည်။[၅၇]Miracle သီချင်းသည် ဘီလ်ဘော့ဒ် (၂၀၀)တွင် စဦးအဆင့်(၁)ဖြင့်ရပ်တည်နိုင်ကာ ကနေဒါတွင် အဆင့်(၁)နေရာရခဲ့ပြီး RIAAက ပလက်တီနမ်အဆင့်ဟု သတ်မှတ်ခဲ့သည်။[၅၈]
ပြင်သစ်အခွေ မောင်ချောလေးယောက် မယ်တစ်ယောက် (1 fille & 4 types -1 Girl & 4 Guys) ကို ၂၀၀၃တွင်ထုတ်ဝေခဲ့သည်။ ပြင်သစ်၊ ကနေဒါ၊ ဘယ်လ်ဂျီယမ်တို့တွင် အဆင့်(၁)ရ၍ စီးပွားရေးအရအောင်မြင်ခဲ့ပြီး ပြင်သစ်တွင် အချပ်ရေ (၇၀၀,၀၀၀)ရောင်းရသဖြင့် ပလက်တီနမ်နှစ်ဆ အဆင့်ဖြင့် သတ်မှတ်ခြင်းခံရသည်။[၅၉] ၂၀၀၄၌ စလင်းသည် ကမ္ဘာ့အနှံ့ အခွေများရောင်းအား စုစုပေါင်း(၁၇၅) သန်းကျော်ရောင်းချခဲ့ရပြီး ကမ္ဘာ့ဂီတဆုများမှ Chopard Diamond Award ကိုရရှိသည်။ ထိုဆုမှာ အဆိုတော်သက်တမ်းအတွင်း အချပ်ရေရောင်းအား သန်း(၁၀၀)ကျော်မှသာလျှင် ပေးသောရှားပါးဆုတစ်ခုလည်းဖြစ်သည်။[၆၀]
၂၀၀၂ အစောပိုင်းတွင် လပ်စ်ဗေးဂတ်စ်မြို့ ဆီဇာနန်းတော်ဇာတ်ရုံကြီး၌ နေ့သစ်... (A New Day...) အမည်ဖြင့် ခမ်းနားသည့် ဖျော်ဖြေပွဲများကို သုံးနှစ်တိုင်တိုင် ပွဲပေါင်း (၆၀၀) တင်ဆက်မည့်အကြောင်း ကြေညာခဲ့သည်။[၆၁] နေ့သစ်... (A New Day...) ဖျော်ဖြေမှုပွဲကြီးကို ဒရာဂေါန် (Dragone)က စီစဉ်ညွှန်ကြားရိုက်ကူးပြီး ကကွက်များကို နာမည်ကျော် မီယား မိုက်ကယ်လ်စ် (Mia Michaels) က တီထွင်ထားကာ အက၊ ဂီတနှင့် အမြင်ပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်များနှင့် ပေါင်းစပ်ထားသည်။ ဤပွဲကို ပရိသတ်များက ကောင်းစွာလက်ခံကြသည်။ ၂၀၀၇ နှစ်အကုန်ထိ လက်မှတ်များရောင်းချခဲ့ရသည်။[၆၂] လက်မှတ်ဈေးနှုန်းများမှာ ပျမ်းမျှအားဖြင့် $ (၁၃၅.၃၃) ဖြစ်သည်။[၆၃] စုစုပေါင်း လက်မှတ်စောင်ရေ (၃၂၂,၀၀၀) ရောင်းရ၍ ၂၀၀၅နှစ်လယ်တွင် $ (၄၃.၉) သန်း စုစုပေါင်းရခဲ့သည်။[၆၄] ၂၀၀၅အကုန်တွင် $ (၇၆) သန်းကျော်စုစုပေါင်းရရှိခဲ့သည်။[၆၅] ပွဲများအောင်မြင်ခဲ့သည့်အတွက် စာချုပ်သက်တမ်းကို ၂၀၀၇ထိတိုင် ထပ်မံချုပ်ဆို၍ ဖျော်ဖြေခဲ့သည်။ လပ်စ်ဗေးဂတ်စ် တိုက်ရိုက်ဖျော်ဖြေခြင်း : နေ့သစ်... DVD အခွေကို ၂၀၀၇ ဒီဇင်ဘာ ၁၀/၁၁ တွင် ဖြန့်ချိခဲ့သည်။[၆၆]
၂၀၀၇ မေ ၂၁တွင် သူတို့အကြောင်း (D'elles) ပြင်သစ်အခွေကို ထုတ်ဝေခဲ့ကာ ကနေဒါတွင် အောင်မြင်မှုရရှိခဲ့သည်။[၆၇] D'Elles သည် ပြင်သစ်၊ ဘယ်လ်ဂျီယန်တွင်လည်းအောင်မြင်ခဲ့၏။ ထိုနှစ်နှောင်းပိုင်းတွင် စွန့်စားခြင်း Taking Chances တေးအယ်လ်ဘမ်ကို ထုတ်ဝေခဲ့သည်။[၆၈] ထိုအခွေတွင် ပေါ့ပ်၊ အာရ်အန်ဘီ၊ ရော့ခ်ဆန်သော ဂီတပုံစံများပါဝင်သည်။[၆၉] " ဒီအခွေလေးက ကျွန်မလုပ်ငန်းမှာ အကောင်းဘက်ဆန်တဲ့ တိုးတက်ပြောင်းလဲခြင်းကို ကိုယ်စားပြုတယ်လို့ထင်ပါတယ်၊ ကျွန်မပို၍ ခွန်အားတွေရှိလာတယ်၊ အတိတ်ကထက် နဲနဲပိုပြီးသတ္တိရှိလာတယ်၊ ပြီးတော့ အရင်ကလိုပဲ ကိုယ့်ဘဝကိုရော ဂီတကိုရော ချစ်မြတ်နိုးပါတယ်။ " ဟူ၍ ဒီယွန်ကပြောဆိုခဲ့သည်။ [၇၀] ၂၀၀၈ ဖေဖော်ဝါရီ ၁၄တွင် Taking Chances ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်များကို စတင်လုပ်ဆောင်ခဲ့သည်။[၇၁] ဤဖျော်ဖြေရေးခရီးစဉ်များသည်လည်း ကြီးမားသည့် အောင်မြင်မှုများရခဲ့သည်။
ကနေဒါနိုင်ငံ၊ ကွီဗက်မြို့ အေဗရာဟမ်းလွင်ပြင်ဒေသတွင် ပြင်သစ်ဘာသာဖြင့် လဟာပြင် ဂီတပွဲများအား ၂၀၀၈ ဩဂုတ်လ၌ တင်ဆက်ခဲ့သည်။ ကွီဗက်မြို့ နှစ်လေးရာပြည့်အခမ်းအနားအတွက်ဖြစ်၏။[၇၂] ၂၀၁၀ ဖေဖော်ဝါရီတွင် Taking Chances ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်များအကြောင်းရိုက်ကူးထားသော Celine: Through the Eyes of the World ဆိုသည့် သတင်းရုပ်ရှင်ကိုလည်း ထုတ်ဝေခဲ့သည်။[၇၃] ထိုသတင်းရုပ်ရှင်တွင် စင်ပေါ်၊ စင်နောက်ကွယ်မှ အကြောင်းများ၊ မိသားစုနှင့်အတူ ထိုဖျော်ဖြေရေးခရီးများသွားခြင်း စသဖြင့်ပါဝင်၏။
၂၀၁၀ စက်တင်ဘာ၌ ပြင်သစ်အဆိုတော် မစ်ရှယ် စာဒူး(Michel Sardou )နှင့် စုံတွဲတေး Voler ကို ဖြန့်ချိခဲ့သည်။[၇၄]
၂၀၁၁ မတ်လမှစတင်ကာ တစ်နှစ်တွင် (၇၂)ပွဲနှင့် သုံးနှစ်ကြာ စလင်းအမည်ဖြင့် ဂီတပွဲများကို လပ်စ်ဗေးဂတ်စ်မြို့၌ တင်ဆက်မည်ဖြစ်ကြောင်း၂၀၁၀၌ မဂ္ဂဇင်းတစ်ခုတွင်ကြေညာခဲ့သည်။[၇၅] ၈၃ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲတွင် အပြုံး (smile) သီချင်းကို သီဆိုခဲ့၏။[၇၆] ၂၀၁၂ နိုဝင်ဘာတွင် ပြင်သစ်သီချင်းခွေ Sans attendre ကိုထုတ်ဝေသည်။ ပြင်သစ်စကားပြောနယ်ပယ်ဒေသများ၌ တစ်ခဲနက်အောင်မြင်ခဲ့ပြီး ပြင်သစ်၌ စိန်အဆင့်(diamond status) သတ်မှတ်ခံရသည်။[၇၇] Loved Me Back to Life အမည်ဖြင့် အင်္ဂလိပ်တေးအယ်လ်ဘမ်ထုတ်ဝေဖြန့်ချိခဲ့သည်။[၇၈]
၂၀၁၄ ဩဂုတ်လ၌ ခင်ပွန်းဖြစ်သူ ကျန်းမာရေးကြောင့် ဂီတဖျော်ဖြေပွဲများကို နားမည်ဟုကြေညာသည်။[၇၉][၈၀] ၂၀၁၅ မတ်လ ၂၀၌ ပွဲများပြန်လည်စမည်ဟုကြေညာခဲ့၏။ [၈၁] ၂၀၁၆ ဇန်နဝါရီ ၁၄တွင် ခင်ပွန်းဆုံးပါးသဖြင့် ပွဲစဉ်များ ဖျက်သိမ်းခဲ့၍.[၈၂] ဖေဖော်ဝါရီ ၂၃တွင် ရပ်နားခဲ့သော ပွဲများကို ပြန်လည်တင်ဆက်ခဲ့သည်။ မေလ ၂၀၌ ကွီးန်အဖွဲ့ (Queen) ၏ သီချင်းဖြစ်သော "The Show Must Go On" ကို လင်ဒ်ဆေး စတားလင်း (Lindsey Stirling)နှင့် အတူတွဲဖက်ကာ တယောတူရိယာဖြင့် သီဆိုခဲ့သည်။[၈၃] ထိုသီချင်းကို ၂၀၁၆-ဘီလ်ဘော့ဒ်ဂီတဆုပေးပွဲ၌ တင်ဆက်သီဆိုခဲ့ပြီး ဘီလ်ဘော့ဒ်၏ အမှတ်သညာ ဂုဏ်ပြုခံဆု(Billboard Icon Award)ကို သူမ၏ ဆယ်စုနှစ် သုံးခုကြာကြာ ဂီတနယ်ပယ်တွင် တက်ကြွလှုပ်ရှားခဲ့သဖြင့် ရရှိသည်။ [၈၄] ပြင်သစ်သီချင်း (၁၅)ပုဒ်ပါဝင်သော Encore un soir သီချင်းအခွေကို ဖြန့်ဝေခဲ့ပြီး ထိုသီချင်းများမှာ သူမ၏ အကြိုက်သီချင်းများဖြစ်သည်ဟု ဆိုသည်။ ဩဂုတ်လ ၂၆ တွင်ထွက်ရှိသည်။[၈၅] ၂၀၁၆-နွေရာသီ ဖျော်ဖြေပွဲခရီးစဉ်နှင့် ၂၀၁၇-စလင်း ဒီယွန် တိုက်ရိုက်ဖျော်ဖြေပွဲ ကို ဥရောပနှင့် ကနေဒါတွင် တင်ဆက်ခဲ့သည်။[၈၆][၈၇][၈၈][၈၉][၉၀] ဒီယွန်၏ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးနောက် အဆိုတော် ပင့်ခ် (Pink) က သူမအတွက် ရေးပေးသော Recovering အမည်ရသီချင်းကို ၂၀၁၆ စက်တင်ဘာ ၉တွင် ထုတ်ဝေ၏။ [၉၁] လှပျိုဖြူလေးနှင့် မိစ္ဆာကောင်ကြီး ဇာတ်ကား ('Beauty and the Beast') (၂၀၁၇)အတွက် How Does a Moment Last Forever ကို အသံသွင်းခဲ့သည်။ [၉၂]
ဒက်ပူး (၂) ရုပ်ရှင်အတွက် Ashes သီချင်း ၂၀၁၈ မေလ၌ ထွက်ရှိခဲ့သည်။[၉၃] စလင်း ဒီယွန် တိုက်ရိုက်တင်ဆက်မှု-၂၀၁၈ ခရီစဉ်ဖျော်ဖြေပွဲများကို အာရှ-ပစိဖိတ်ဒေသသို့ လှည့်လည်တင်ဆက်ခဲ့သည်။ ပွဲပေါင်း (၂၂)ပွဲမှ စုစုပေါင်း $ (၅၆.၅) သန်း ရရှိခဲ့သည်။[၉၄] ၂၀၁၉ စက်တင်ဘာ ၁၈ ၌ သူမ၏ နောက်အခွေတွင် ပါဝင်မည့် "Lying Down"၊ "Courage" နှင့် "Imperfections" တို့ထွက်ရှိလာခဲ့သည်။[၉၅]
စလင်း ဒီယွန် အားကျရသောအနုပညာရှင်များမှာ Aretha Franklin၊ Charles Aznavour၊ Carole King၊ Anne Murray၊ ဘာဘရာ စတွိုင်းဆာန် နှင့် ဘီးဂီးစ် တို့ဟူ၍ အမျိုးမျိုးအစားစားများပြားလှသည်။ ၎င်းတို့အားလုံးနှင့် ဒီယွန်သည် ပူးတွဲလုပ်ကိုင်ဖူး၏။[၉၆][၉၇][၉၈] မရိုင်းယား ကဲရီ၊ ဝစ်တ်နီ ဟျူးစတန်၊ မက်ဒေါနာ ကဲ့သို့သော အနုပညာရှင်များကိုလည်း လေးစားကြောင်း ဖော်ပြဖူး၍ ပထမနှစ်ဦးမှာ သူမ၏ ကိုယ်ပိုင်အသံဟန်အပေါ်တွင် လေးလေးနက်နက် လွှမ်းမိုးနိုင်သူများလည်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။[၉၉] ဒီယွန်၏ ဂီတပုံစံအပေါ်တွင် ပေါ့ပ်၊ ရော့ခ်၊ ဂေါ့စပါလ်၊ အာအန်ဘီ နှင့် ဆိုလ်းဂီတ စသည့် များစွာသော ဂီတအမျိုးအစားများက ဩဇာညောင်း၍ သူမ၏ သီချင်းစာသားများ၌ ဆင်းရဲမှု၊ ငတ်မွတ်ခေါင်းပါးခြင်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာများကိုအလေးစိုက်ဖွဲ့ဆိုထားပြီး ချစ်ခြင်း၊ မေတ္တာများအားဖြည့်ခြင်း တို့ပါဝင်သည်။[၂၅][၁၀၀]
သူမ၏ ဂီတများသည် မကြာခဏဆိုသလို ပေါ့ပ်၊ ဆိုးလ်ဂီတအစဉ်အလာများအား ခေတ်နောက်ပြန်ဆွဲသည်၊ အလွန်အကြူး စိတ်ကူးယဉ်ဆန်ခြင်း အမှတ်သညာရှိသည်ဟူသော ဝေဖန်မှုများကို အတော်အတန်ရင်ဆိုင်ခဲ့ရသည်။[၁၇][၁၀၁]ပြင်သစ်အခွေများသည် အင်္ဂလိပ်အခွေများထက် ပို၍နက်နဲ အမျိုးအစားများပြားသဖြင့် ပိုမိုယုံကြည်လက်ခံမှုရရှိခဲ့သည်။[၂၂][၁၀၂]
ဒီယွန်ကို ပေါ့ပ်ဂီတ၏ ဩဇာရှိသောအသံပိုင်ရှင်များအနက်က တစ်ဦးအဖြစ် သတ်မှတ်ကြသည်။[၁၇][၂၂][၁၀၃] မရိုင်းယား ကဲရီ၊ ဝစ်တ်နီ ဟျူးစတန် တို့နှင့်အတူ ၁၉၉၀ နှစ်များ၌ တေးသံသွင်းနယ်ပယ်အပေါ် လွှမ်းမိုးနိုင်သော ပေါ့ပ်ဂီတဘုရင်မအဖြစ် ဖော်ပြခြင်းခံရသည်။[၁၀၄] ထိုနှစ်ယောက်နှင့် ဒီယွန်၏ အသံပိုင်းဆိုင်ရာပုံစံကို မကြာခဏ နှိုင်းယှဉ်မှုများရှိသလို ဒီယွန်၏ လေးစားအားကျသူ ဘာဘရာ နှင့်လည်း နှိုင်းယှဉ်ကြသည်။[၁၀၅]
ဒို ရေ မီ ဖာ.. ဆိုသည့် ရှစ်သံတွဲ သုံးဆကျော်ရှိသော နယ်ပယ်(3.2/3.4 Octaves)အတွင်း၌ ဆိုနိုင်စွမ်းရှိသည်။ B2 မှ E♭6 နယ်ပယ်ထိဖြစ်၏။[၁၀၆][၁၀၇] မတ်ဆို-ဆိုပရာနို(mezzo-soprano) တစ်ဦးဖြစ်သည်ဟုလည်း ပြောဖူးသည်။[၁၀၈] သူမ၏ အသံအရည်အသွေးကို "ပါး၍ နှာသံအနည်းငယ်ရှိသည်" ဟုဖော်ပြခဲ့ကြသည်။ [၁၀၉] အသံပြာ၍ ကွဲသည့် အသံနိမ့်ရှိကာ အမြင့်သံသည် ဖန်ခေါင်းလောင်း အသံကဲ့သို့ဖြစ်၏ ဟုလည်းဖော်ပြကြသည်။[၁၁၀]
ပေါ့ပ်ဂီတတွင် လွှမ်းမိုးနိုင်စွမ်းရှိသော အသံပိုင်ရှင်များအနက်က တစ်ဦးဖြစ်သည်။ မရိုင်းယား ကဲရီ၊ ဝစ်တ်နီ ဟျူးစတန် တို့နှင့်အတူ သူမ၏ ဂီတ၊ အသံဟန်များသည် ခေတ်ပေါ် အမျိုးသမီးအဆိုတော်အမြောက်အမြား၏ သီဆိုဟန်ကို ပြောင်းလဲနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ ပါဝါဘဲလက်ဒ်သီချင်းအမျိုးအစားများကို ပြန်လည်နိုးကြားစေရန်ပြုလုပ်ခဲ့ကြသဖြင့် ထိုအဆိုတော်သုံးဦးကို ကျယ်ကျယ်ပြန့်ပြန့် ဂုဏ်ပြုချီးကျူးခဲ့ကြသည်။ အမေရိကန်အိုင်ဒေါ (အိုင်းဒါလ်)ကဲ့သို့သော များပြားလှသော အဆိုပြိုင်ပွဲများတွင်လည်း ပြိုင်ပွဲဝင်သူများသည် ဒီယွန်ကို အားကျအတုခိုး သီဆိုသည်များလည်းရှိသည်။[၁၁၁] နိုင်ငံတကာ နာမည်ကြီးအဆိုတော်များက ဒီယွန်သည် ၎င်းတို့ လေးစားသော တေးသံရှင်များထဲက တစ်ဦးဟု ဖော်ပြကြသည်။ လပ်စ်ဗေးဂတ်စ် ဖျော်ဖြေမှုများကို အရဲစွန့် တော်လှန်လုပ်ကိုင်ကာ ဤလုပ်ငန်းအမျိုးအစားကို ရှင်သန်နိုးကြားစေခဲ့သဖြင့်လည်း ချီးကျူးမှုခံရသည်။
၂၀၁၃ ဇူလိုင် ၂၆တွင် ကနေဒါနိုင်ငံ၏ အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သော Companion of the Order of Canada ဖြင့်ဂုဏ်ပြုခြင်း ခံရသည်။[၁၁၂]
ပြင်သစ်ဘာသာဖြင့် သီဆိုသော အခွေများ
|
အင်္ဂလိပ်ဘာသာဖြင့် သီဆိုသော အခွေများ
|