စီးပွားရေး (သို့) စီးပွားရေးစနစ်တွင် ကုန်ထုတ်လုပ်မှု၊ ဖြန့်ချိရေး (သို့) ကုန်သွယ်မှု နှင့် ကန့်သတ်ချက်ရှိသော ကုန်စည်များ နှင့် ဝန်ဆောင်မှုများကို နယ်မြေတစ်ခုအတွင်း အမျိုးမျိုးသော ကိုယ်စားလှယ်တို့မှ သုံးစွဲမှု စသည်တို့ ပါဝင်သည်။ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များသည် သီးခြားရပ်တည်သူများ၊ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ (သို့) အစိုးရအဖွဲ့အစည်းများ စသည်တို့ ဖြစ်နိုင်သည်။ ထိုဖလှယ်မှုလုပ်ငန်းသည် ပါဝင်သူနှစ်ဦးက ဖလှယ်မည့်ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု၏ သတ်မှတ်ငွေကြေးစနစ်ဖြင့် ဖော်ပြထားသော တန်ဖိုး သို့ ဈေးနှုန်းတစ်ခုကို သဘောတူညီမှုရရှိလျှင် ဖြစ်ပေါ်သည်။
ယခင်အခါက စီးပွားရေးဆိုင်ရာ ဆောင်ရွက်မှု များသည် သဘာ၀သယံဇာတများ၊ လုပ်သားများ နှင့် ရင်းနှီးမြှုပ်နှံမှုများ စသည်တို့ဖြင့် စုပေါင်းထားသည်ဟု ယူဆခဲ့ကြသည်။ ထိုအမြင်သည် အတတ်ပညာ၏ရလဒ်ဖြစ်သော နည်းပညာ၏တန်ဖိုး (အလိုလျောက်လုပ်ဆောင်မှု၊ လုပ်ငန်းဆောင်ရွက်မှု ကို မြန်ဆန်လာစေမှု၊ ကုန်ကျစရိတ်လျော့ကျလာမှု)၊ နှင့် ဆန်းသစ်ပြောင်းလဲမှု (ကုန်စည်အသစ်များ၊ ဝန်ဆောင်မှုများ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ ဈေးကွက်အသစ်များ၊ ဈေးကွက်ချဲ့ထွင်မှုများ၊ ဈေးကွက် ကွဲပြားခြားနားမှုများ၊ ဈေးကွက်ထိုးဖောက်မှုများ၊ အမြတ်ငွေတိုးပွားမှုနည်းအသစ်များ) စသည်တို့ကို လျစ်လျူရှု့ထားလျက် ရှိသည်။
စီးပွားရေးစနစ်တစ်ခုသည် ယဉ်ကျေးမှု၊ တန်ဖိုးထားမှု၊ ပညာရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ သမိုင်းကြောင်း၊ လူမှုအဖွဲ့အစည်း၊ နိုင်ငံရေး ဖွဲ့စည်းပုံ နှင့် ဥပဒေစနစ်၊ ထိုနိုင်ငံ၏ မြေမျက်နှာသွင်ပြင်အနေအထား၊ သဘာ၀အရင်းမြစ်တည်ရှိမှု ဂေဟစနစ် စသည့် အဓိကအခြေခံအကြောင်းအရာတို့၏ ဆောင်ရွက်မှု လုပ်ငန်းစဉ်တို့၏ ရလဒ်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို တိုင်းတာနိုင်သော နည်းလမ်းများ အမြောက်အမြားရှိသည်။ ထိုကဲ့သို့ စီးပွားရေးကို တိုင်းတာနိုင်သော အချက်များတွင် အောက်ပါနည်းလမ်းများ ပါဝင်သည်။
နိုင်ငံတစ်နိုင်ငံ၏ ဂျီဒီပီသည် ထိုနိုင်ငံ၏ စီးပွားရေး ပမာဏကို တိုင်းတာနိုင်သည်။