တက္ကစီ သို့ တက်စီ (အင်္ဂလိပ်: taxi ) သည် မောင်းသူပါသည့် အငှားယာဉ်တမျိုး ဖြစ်သည်။ တက္ကစီသည် ခရီးသည်သွားလိုရာလိပ်စာသို့ အိမ်တိုင်ရာရောက် ပို့ပေးနိုင်သည်မှာ လိုင်းကားများနှင့် ကွာခြားချက် ဖြစ်သည်။
စက်တပ်ယာဉ် ခေါ် ဘတ္ထရီစွမ်းအင်သုံး တက္ကစီမှာ ၁၉ ရာစုအကုန်တွင် စပေါ်သည်။ လန်ဒန်၌ ဝေါလတာဘာဆေးက ထိုကားမျိုးကိုထွင်ကာ လန်ဒန်မြို့လမ်းများအတွက် ၁၈၉၇ ခု၊ ဩဂုတ်လ ၁၉ ရက်တွင် စတင်မိတ်ဆက်သည်။ [၁] စက်သံညံသဖြင့် မတင်မကြာပင် ငှက်ပိတုန်းဟု အမည်ပြောင်ရ၏။ [၂]
ထိုနှစ်တွင်ပင် နယူးယောက်၌ ဆင်မြူရယ်၏ လျှပ်စစ်ခရီးသည်တင်နှင့်ကုန်တင်ယာဉ်ကုမ္ပဏီက အထက်နည်းတူ တက္ကစီ ၁၂ စီးဖြင့် လုပ်ငန်းစသည်။ [၃] ကုမ္ပဏီသည် ၁၈၉၈ ခုအထိ လည်ပတ်ရာ တက္ကစီ ၆၂ စီးအထိ ဖြစ်ခဲ့သည်။ နောက် လုပ်ငန်းတွင် ငွေထည့်သူတို့က လျှပ်စစ်ယာဉ်ကုမ္ပဏီဟူ၍ အမည်ပြောင်းကာ လျှပ်စစ်ကားထုတ်သည့်ဘက်သို့ လုပ်ငန်းပြောင်းလိုက်သည်။ [၄]
တက္ကစီမီတာကို ဂျာမန်တို့က ထွင်သည်။ [၅] ဂါတလိဒိုင်မာ (Gottlieb Daimler) ထွင်သော ဓာတ်ဆီသုံးကားဖြင့် ဒိုင်မာဗစ်တိုးရီးယားကုမ္ပဏီက ရှတို့ဂါ့ (Stuttgart) တွင် တက္ကစီစဆွဲသည်မှာ ၁၈၉၇ ခုတွင် ဖြစ်၏။ [၆] ဓာတ်ဆီသုံးကားရောဂါမှာ အခြားသို့လည်း ကူးစက်သွားရာ ပါရီတွင် ၁၈၉၉၊ လန်ဒန်တွင် ၁၉၀၃၊ နယူးယောက်တွင် ၁၉၀၇ ခုတွင် အသီးအသီး စသုံးကြသည်။
လမ်းဘေးတွင်ရပ်ကာ ဖြတ်သွားဖြတ်လာ တက္ကစီကို ငှားသည့်နည်းအား နိုင်ငံအများစုတွင် သုံးသည်။ နောက်တနည်းမှာ တက္ကစီဂိတ်တွင် သွားငှားခြင်း ဖြစ်သည်။ လေဆိပ်၊ ဘူတာ၊ ဈေးဝယ်စင်တာနှင့် လူသွားလူလာများသော နေရာတို့တွင် တက္ကစီများ ထိုးထားလေ့ ရှိသည်။ ယင်းတက္ကစီဂိတ်များတွင်လည်း သွားငှားနိုင်သည်။ အခြားနည်းမှာ ဗဟိုကြီးကြပ်ရေးရုံးသို့ ဖုန်းဆက်ကာ မိမိနေရာကို ပြော၍ ငှားရမ်းခြင်း ဖြစ်သည်။ ယင်းသို့ငှားပါက တက္ကစီခကိုပါ ရုံးမှ တပါတည်း သတ်မှတ်ပေးသည့်နည်းတူ ယာဉ်မောင်းနှင့်ပတ်သက်၍ ကိုယ်ရေးအထောက်အထားများရှိသဖြင့် လုံခြုံရေး စိတ်ချရသည်။
အထက်ပါနည်းများကို ပေါင်းစပ်ထားသည့်နည်းဖြစ်သော မိုဘိုင်းအပ်ကို သုံး၍လည်း ငှားနိုင်သည်။ အပ်မှတဆင့် ငှားရမ်းသည်နှင့် တက္ကစီခကို တင်ကြိုသတ်မှတ်ပြီး ဖြစ်သည်နည်းတူ ယာဉ်သွားလာရာကိုလည်း ဂျီပီအက်မှ အချိန်နှင့်တပြေးညီ ကြည့်နိုင်သဖြင့် လုံခြုံရေးစိတ်ချရသည်။ တက္ကစီကုမ္ပဏီအများစုမှာ မိုဘိုင်းအပ်ကို ထောက်ပံ့နေရာ ယင်းတို့အနက် ဂတ်၊ အီးဇီးတက္ကစီ၊ ဂရက်တက္ကစီတို့ အဝင်အပါဖြစ်၏။
အမေရိကန်တွင် တက္ကစီယာဉ်မောင်းမှ လူသတ်သောအမှုသည် အခြားလူတန်းစားတို့ထက် နှုန်းမြင့်သည်။ တက္ကစီယာဉ်မောင်းတို့က အယောက် ၁၀၀,၀၀၀ လျှင် ၇.၄ ယောက် လူသတ်မှု ကျူးလွန်တတ်ပြီး အခြားအလုပ်အကိုင်တို့မှာ အထက်ပမာဏတွင် ၀.၃၇ ယောက်သာ ကျူးလွန်သည်။ ၎င်းကို ကာကွယ်ရန် ၁၉၉၀ ဝန်းကျင် ကာလများ၌ ယာဉ်မောင်းနှင့် ခရီးသည်အကြား အကာကန့်၍ ထားစေသည်မှာ ၂၁ ရာစုအထိပင်တည်း။ လုံခြုံရေးကင်မရာများလည်း တပ်ဆင်ဖူးသည်။ [၇] တက္ကစီယာဉ်မောင်းတို့သည် ယာဉ်စီးခနှင့်ပတ်သက်၍ အခြေအတင်ဖြစ်ပါက ပတ်ဝန်းကျင်ရှိ ဘဝတူတို့အား ရုံးစုကာ ခရီးသည်အား ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ပေးရန် ခြိမ်းခြောက်တတ်သည်။ [၈]