နက်ဗျူလာ (အင်္ဂလိပ်: Nebula) ဆိုသည်မှာ ကြယ်တို့၏ ကြားတွင် ရှိနေသော တိမ်တိုက်သဏ္ဌန် ရှိနေသည့် အမှုန်အမွှားများ၊ ဟိုက်ဒရိုဂျင်၊ ဟီလီယမ်နှင့် အခြား ဓာတ်ငွေ့တို့၏ အစု အဝေးကြီး ဖြစ်သည်။ နက်ဗျူလာ ဟူသော အသုံးအနှုန်းမှာ လက်တင်ဘာသာစကားမှ ဆင်းသက်လာပြီး တိမ်တိုက်ဟု အဓိပ္ပာယ်ရသည်။[၁] ကြယ်တို့၏ ကြားရှိ တိမ်တိုက်ဆိုသည်မှာ ဂယ်လက်ဆီ အတွင်းရှိ အမှုန်အမွှားများ၊ ပလာစမာများနှင့် ဓာတ်ငွေ့တို့ အစုအဝေးပင် ဖြစ်သည်။ နဂါးငွေ့တန်း ဂယ်လက်ဆီထက်ဝေးကွာသော မည်သည့် ကြယ်တာရာပစ္စည်းကိုမဆို နက်ဗျူလာဟု သတ်မှတ်သည်။ ဥပမာ အင်ဒရိုမီဒါ နက်ဗျူလာဖြစ်သည်။ ပါရှန်းလူမျိုး နက္ခတ္တ ပညာရှင် အဘ် အယ်လ် ရာမန် အယ်လ် စူဖီ (Abd al-Rahman al-Sufi) က သူ၏ စာအုပ် "မရွေ့မပြောင်းသော ကြယ်များ စာအုပ်" တွင် နက်ဗျူလာများ အကြောင်း ပထမဆုံး အကြိမ်အဖြစ် ဖော်ပြခဲ့သည်။[၂] သူက အင်ဒရိုမီဒါ ဂလက်ဆီအနီးတွင် တိမ်တိုက် တစ်ခု ရှိနေသည်ဟု ဖော်ပြခဲ့သည်။[၃] နက်ဗျူလာ အများစုသည် ကျယ်ပြောလှပြီး အချင်းအားဖြင့် အလင်းနှစ် ရာချီကာ ကြီးမားလှသည်။ နက်ဗျူလာများသည် ကြီးမားကျယ်ပြောလှသော်လည်း ယင်းတို့၏သိပ်သည်းမှုသည် များစွာပါးလွှာသည်။ ကမ္ဘာမြေအရွယ်အစားရှိသော နက်ဗျူလာတစ်ခုသည် ကီလိုဂရမ်အချို့သာ သိပ်သည်းပါလိမ့်မည်။